ယခုနှစ် ရန်ကုန်သင်္ကြန် ပွဲတော်အတွက် စည်းကမ်းချက် ၃၉ ချက်ထုတ်ပြန် သင်္ကြန်မဏ္ဍပ်များရေဆက်သွယ်ပါက ၁ လက်မနှင့် ၁ လက်မခွဲတစ်ပိုက်လျင် ကျပ် ၆၀၀၀၀ ပေးသွင်းရမည်ဟု မြို့တော်စည်ပင်မှ သတ်မှတ်ထား


ရန်ကုန်သင်္ကြန်ပွဲတော်အတွက် ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်များအား စတင်လျောက်ထားနိုင်ပြီဖြစ်ပြီး သင်္ကြန်နှင့်ပတ်သက်သည့် စည်းကမ်း ချက် ၃၉ ချက်ကို မဏ္ဍပ်များနေရာ ချထားပေးရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီမှ ထုတ်ပြန်ထားကြောင်း သိရှိရသည်။


    ယခုနှစ် သင်္ကြန်အတွက်ထုတ်ပြန်သည့် စည်းကမ်းချက် ၃၉ ခုအနက် အများစုမှာ ပြီးခဲ့သည့်နှစ်များကတည်း က ထုတ်ပြန်ခဲ့သည့်စည်းကမ်းချက်များ ဖြစ်ပြီး စည်ကမ်းချက်အချို့မှာ ယခု နှစ်တွင်မှ အသစ်ထပ်တိုးခြင်းဖြစ်ကြောင်း သိရှိရသည်။

    အသစ်ထပ်ထုတ်သော စည်းကမ်းတွင်မြန်မာ့ရိုးရာအတာသင်္ကြန်၏ ယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ကျူး သည့်အနေဖြင့် သင်္ကြန်မဏ္ဍပ်အားလုံး သည် ဖွင့်ပွဲနေ့၌ ငွေဖလားတွင် အမွှေး နံ့သာရည်ထည့်၍ ရေကစားခြင်းကို ထည့်သွင်းလုပ်ဆောင်ရန်အချက် ပါရှိပါသည်။ ထို့ပြင် မဏ္ဍပ်ကြော်ငြာ များတွင် အရက်၊ ဘီယာ၊ စီးကရက်၊ ဆေးလိပ်နှင့်ပတ်သက်သော ကြော်ငြာ များ ထည့်သွင်းခွင့်မပြုကြောင်းလည်း မဟာသင်္ကြန်စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ ယခုနှစ်သင်္ကြန်နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအရ သိရသည်။

    မဟာသင်္ကြန်စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ယခုနှစ်သင်္ကြန် ကာလတွင်လိုက်နာရန် စည်းကမ်းချက်များ ထုတ်ပြန်ထားပြီးနောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကလည်း သင်္ကြန်ကာလတွင် ရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်း နှင့်ရေဆက်သွယ်သုံးစွဲခြင်းများ အတွက် သတ်မှတ်နှုန်းထားများကို ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။

    သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် လျောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီရုံးများမှတစ်ဆင့် လျောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ရယူရမည် ဖြစ်ကြောင်း သိရှိရသည်။

    ''သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်တွေ စတင်လျောက်ထားလို့ရနေပါပြီ။ လျောက်ထားမှုတွေကို သတ်မှတ် စည်းကမ်းတွေအတိုင်း စိစစ်ပြီး ဧပြီလဆန်းမှာ မဏ္ဍပ်ဆောက်လုပ်ခွင့်ပါမစ် တွေချထားပေးမှာပါ''ဟု သက်ဆိုင်ရာ ဌာနမှတာဝန်ရှိသူတစ်ဦးက ပြောပြ ခဲ့သည်။

    ထို့ပြင် သင်္ကြန်မဏ္ဍပ်ဆောက် လုပ်ခြင်းအတွက် ဆောက်လုပ်မည့် မဏ္ဍပ်အရွယ်အစားအလိုက် မြေအသုံး ပြုခ၊ ရေဆက်သွယ်သုံးစွဲခနှင့် သန့်ရှင်းရေး ၀န်ဆောင်ခနှုန်းထားများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ကြိုတင်ပေးသွင်းထား ရမည်ဖြစ်ကြောင်း သိရသည်။ ပေ ၁၀၀ ရှိသော ကုမ္ပဏီ မဏ္ဍပ်ကြီးများ အနေဖြင့် လမ်းတံတားကြေး ကျပ် ၇၀၀၀၀ နှင့် သန့်ရှင်းရေးဝန်ဆောင်ခ ကျပ် ၅၀၀၀၀ ပေးသွင်းရပြီး ပေ ၅၀ ရှိသောမဏ္ဍပ်(အလတ်)များ အနေဖြင့် လမ်းတံတားကြေးကျပ် ၅၀၀၀၀ နှင့် သန့်ရှင်းရေးဝန်ဆောင်ခကျပ် ၃၀၀၀၀ ကိုပေးသွင်းရကာ ၂၅ ပေအောက် မဏ္ဍပ်(အသေး)များအနေဖြင့် လမ်း တံတားကြေးကျပ် ၂၀၀၀၀ နှင့် သန့်ရှင်းရေးဝန်ဆောင်ခ ကျပ် ၂၀၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။ ရေဆက်သွယ်ခအနေဖြင့် ၂ လက်မ ပိုက်ဖြင့်ဆက်သွယ်ပါက ကျပ် ၁၀၀၀၀၀ ဖြစ်ပြီး ၁ လက်မနှင့် ၁ လက်မခွဲပိုက် တို့ဖြင့်ဆက်သွယ်ပါက ကျပ် ၆၀၀၀၀ တို့ဖြစ်ကြောင်း သိရသည်။
 သင်္ကြန်မဏ္ဍပ်အကြီးများ (ပေ ၁၀၀ ရှိသော)၊ ဟိုတယ်နှင့် ကုမ္ပဏီ မဏ္ဍပ်များအတွက် မဏ္ဍပ်တစ်ခုလျင် အာမခံစပေါ်ငွေကျပ်သိန်း ၃၀ ကို သင်္ကြန်မဏ္ဍပ်များနေရာချထားရေး ကော်မတီသို့ကြိုတင်ပေးသွင်းရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များ ဖောက်ဖျက်ပါကအာမခံ စပေါ်ငွေကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း

    ယခုနှစ်သင်္ကြန်တွင် ပြည်လမ်း နှင့် ကမ္ဘာအေးစေတီလမ်းတို့တွင် ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်များ ကို နေရာကန့်သတ်၍ စီစစ်ခွင့်ပြုသွားမည်ဖြစ်ပြီး ပြည်လမ်းနှင့် ကမ္ဘာအေး စေတီလမ်းတို့ရှိ အင်းလျားကန်ပေါင် ဘက်အခြမ်းတွင်မဏ္ဍပ်များ ဆောက် လုပ်ခွင့်မပြုကြောင်း သိရှိရသည်။

    သင်္ကြန်မဏ္ဍပ်အကြီးများ (ပေ ၁၀၀ ရှိသော)၊ ဟိုတယ်နှင့် ကုမ္ပဏီ မဏ္ဍပ်များအတွက် မဏ္ဍပ်တစ်ခုလျင် အာမခံစပေါ်ငွေကျပ်သိန်း ၃၀ ကို သင်္ကြန်မဏ္ဍပ်များနေရာချထားရေး ကော်မတီသို့ကြိုတင်ပေးသွင်းရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များ ဖောက်ဖျက်ပါကအာမခံ စပေါ်ငွေကို သိမ်းဆည်းသွားမည်ဖြစ် ကြောင်းသိရှိရသည်။ သတ်မှတ်စည်း ကမ်းချက်များကို လိုက်နာပါကမူ အာမခံစပေါ်ငွေကို သင်္ကြန်ကာလ အပြီးတွင် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။   

    ''ဒီနှစ်ရန်ကုန်သင်္ကြန်မှာက စည်ကားမှုအပိုင်း လျော့သွားမယ်လို့ ထင်တယ်။  မနှစ်က ဒီလိုအချိန်ဆိုရင် သင်္ကြန်အတွက် ကြိုပြင်ကြပေမယ့် ဒီနှစ်ကတော့ကြိုတင်ပြင်ဆင်မှုတွေ သိပ်မလုပ်ဖြစ်ကြသေးဘူး''ဟု သင်္ကြန် မဏ္ဍပ်ဆောက်လုပ်မည့်သူတစ်ဦးက ဆိုသည်။

    ယခုနှစ်သင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပပြု လုပ်နိုင်ရန် စီစဉ်လျက်ရှိ၍ မြန်မာ့ ယဉ်ကျေးမှုနှင့် မသက်ဆိုင်သည့် ပြုမူနေထိုင်မှုများမရှိစေရန်နှင့် မဏ္ဍပ်အပြင်အဆင်များအား ယဉ်ကျေးမှုနှင့်အညီ ပြုလုပ်ရန်အတွက် စည်းကမ်းချက်များ ပိုမိုထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။

    ''အရင်နှစ် သင်္ကြန်ကာလတွေမှာ အင်းလျားလမ်းမှာသရုပ်ပျက်ရေကစား မဏ္ဍပ်နဲ့ ရေကစားသူတွေရှိတဲ့အတွက် ဒီနှစ်ရန်ကုန်သင်္ကြန်ကို မြန်မာ့ရိုးရာ သင်္ကြန်အသွင်ဆောင်နိုင်အောင် အရင် နှစ်တွေကထုတ်ပြန်တဲ့စည်းကမ်းချက် တွေအပြင် စည်းကမ်းချက်တချို့ကို လည်းထပ်တိုးထားပါတယ်''ဟုတာဝန် ရှိသူက ဆက်လက်ပြောပြခဲ့သည်။

     ''သင်္ကြန်ရေကစားမဏ္ဍပ်ဆောက် လုပ်ခွင့်ပြုတဲ့ နေရာတွေမှာလည်း လျောက်ထားတဲ့သူဦးရေ များနေမယ် ဆိုရင် မဲနှိုက်တဲ့စနစ်နဲ့ရွေးချယ်ပေး သွားမှာဖြစ်တယ်''ဟု တာဝန်ရှိသူက ဆိုပါသည်။


ယခုနှစ်သင်္ကြန်အတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက် ၃၉ ချက်မှအချို့


    သင်္ကြန်မဏ္ဍပ်များအနီး အရက်ဆိုင်၊ ဘီယာဆိုင်များ လုံးဝမရှိရပါ။

    မဏ္ဍပ်များတွင် ကြော်ငြာများထည့်သွင်းပါက အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်နှင့် ပတ်သက်သောကြော်ငြာများ ထည့်သွင်းခြင်းမပြုပါ။

    မဏ္ဍပ်များတွင် နာမည်ကြီးအဆိုတော်များ ဖျော်ဖြေမည်ဆိုပါက ပထမပိုင်းတွင်ဖျော်ဖြေရန်နှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုကို ခံယူရန်။

    မဏ္ဍပ်ဆောက်လုပ်ရန်အတွက် ခွင့်ပြုချက်ရရှိသူမှတစ်ပါး မဏ္ဍပ်နေရာများကို အခြားသူများသို့ ငှားရမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရ။

    မဏ္ဍပ်များ၊ ရေပက်ခံကားများတွင် မဖွယ်မရာဆိုင်းဘုတ်များ ရေးသားခြင်း၊ ရေပက်ခံလူငယ်များ နဖူးစည်းများ စည်း၍ ရေပက်ကစားခြင်းမပြုရ။

    ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်ပြင်ပနှင့် နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်း၍ ရေပက်ခံခြင်း၊ သွားလာခြင်းမပြုလုပ်ရ။


ယခုနှစ်သင်္ကြန်အတွက် အသစ်ထပ်တိုးသည့် စည်းကမ်းချက်များ


    သင်္ကြန်မဏ္ဍပ်၏ နောက်ခံကားချပ်အပြင်အဆင်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပုံပေါ်သည့် ပန်းချီဒီဇိုင်းများ၊ မြန်မာ့ရိုးရာ သင်္ကြန်မဏ္ဍပ်အမည် စစ်စစ်ကိုသာ ရေးဆွဲရန်။

    မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မအပ်စပ်သော ၀တ်စားဆင်ယင်ပြုမူ ကခုန်မှုများ၊ သရုပ်ပျက်မှုများ ခွင့်မပြုပါ။

    ခွင့်ပြုချက်ရရှိသည့် သင်္ကြန်မဏ္ဍပ်ကြီး(ပေ ၅၀ နှင့်အထက်)များသည် မြန်မာ့ရိုးရာယိမ်းအဖွဲ့တစ်ဖွဲ့ (၁၂ ဦးယိမ်း (သို့) ၁၆ ဦးယိမ်း (သို့) ၂၄ ဦးယိမ်း)ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဗဟိုမဏ္ဍပ်တွင် ပါဝင်ယှဉ်ပြိုင်စေရမည်။ ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဗဟိုမဏ္ဍပ်၏ သင်္ကြန်ဖွင့်ပွဲနှင့် သင်္ကြန်ပိတ်ပွဲ အခမ်းအနားများကို ပါဝင်တက်ရောက်ရမည်။ ဦးစီးကော်မတီမှ ညွှန်ကြားလာပါက ရန်ကုန်မြို့တော် စည်ပင်ဗဟိုမဏ္ဍပ်တွင် အလှပြယာဉ်တစ်စီး ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရမည်။

    မြန်မာ့ရိုးရာအတာသင်္ကြန်၏ ယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ကျူးသည့် အနေဖြင့် သင်္ကြန်မဏ္ဍပ်အားလုံး ဖွင့်ပွဲနေ့၌ ငွေဖလားတွင် အမွှေးနံ့သာရည်ထည့်၍ ရေကစားခြင်းကို ထည့်သွင်းဆောင်ရွက်သွားရမည်။

    မဏ္ဍပ်များတွင် မြန်မာ့ရိုးရာ အစားအစာများ ပါဝင်ကျွေးမွေးဧည့်ခံရန်။ 

No comments:

Post a Comment