မြန်မာပြည်သူတို့၏ ပြည်သူ့ဂုဏ်ရည်အဖြစ် အမည်စာရင်းဆန္ဒပြုခံရသူများ စာရင်း ထုတ်ပြန်

Original News Source : Moemakha (မိုးမခ)
          ပြည်ပရောက်မြန်မာများစုစည်းပြီး မြန်မာပြည်တွင်းရှိ လူမှုလုပ်ငန်းစေတနာ့ဝန်ထမ်း စွမ်းဆောင်သူများကို ဂုဏ်ပြုချီးမြှင့်မည့် ပြည်သူ့ဂုဏ်ရည် အစီအစဉ်၏ တတိယအကြိမ်မြောက် သတင်းထုတ်ပြန်ချက်တွင် ပရိသတ်များ၊ မြို့နယ်အလိုက် ဖြစ်မြောက်ရေးအဖွဲ့ဝင်များက ၀ိုင်းဝန်း ဆန္ဒပြုကြသည့် အမည်စာရင်းများကို စုစည်းထုတ်ပြန်လိုက်သည်။
Burma Citizen
စာရင်းတွင် ဂုဏ်ပြုလိုသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း ၁၇ ခု ပါရှိသည်ကိုတွေ့ရသည်။ အမည်စာရင်းတင်သွင်းခြင်းကို အင်တာနက်နှင့် အီးမေးများကတဆင့် ဆက်လက် လက်ခံနေပြီး၊ ထိုပုဂ္ဂိုလ်များ၊ အဖွဲ့များ၏ ဖြစ်စဉ်အချက်အလက်များကို သီးခြား အပြည့်အစုံ ပြုစုဖော်ပြရန် စီစဉ်နေသည်ဟု ဆိုသည်။ ယခုလောလောဆယ်တွင် သတင်းထုတ်ပြန်ချက် အမှတ် ၃ မှာ တင်ပြထားသည့် အကျဉ်းကိုသာ မိတ်ဆွေများ၊ အလှူရှင်များအတွင်းသို့ ဖြန့်ချိပေးမည် ဖြစ်သည်။


အင်္ဂလိပ် မြန်မာ ၂ ဘာသာဖြင့် လက်ကမ်းစာစောင်တခုကိုလည်း ယနေ့တွင် မြို့နယ်အသီးသီးသို့ လက်ဆင့်ကမ်း ပုံနှိပ်ဖြန့်ချိနိုင်အောင် အီးမေးမှ တဆင့် ပေးပို့ လိုက်သည်ဟု သိရသည်။ www.citizenofburma.org တွင် ကြည့်ရှုနိုင်ပြီဟု ဆိုသည်။
၎င်းတို့ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက် ၂/ ၂၀၁၀ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ပြည်သူ့ဂုဏ်ရည် အစီအစဉ်သို့ ဂုဏ်ပြုရန်အမည်စာရင်း လက်ခံရရှိသမျှ တင်ပြချက်
စာအမှတ် ၃/ ၂၀၁၀ - နေ့စွဲ - ဧပြီ ၃၊ ၂၀၁၀
၁။ မတ်လ ၂၄ ရက်နေ့က စတင်ပြီး Citizen of Burma Award - ပြည်သူ့ဂုဏ်ရည် အစီအစဉ်ကို ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်း စွမ်းဆောင်သူများအနက် မိမိတို့ ဆန္ဒပြုလိုသူကို အွန်လိုင်းနှင့် အီးမေးများမှ တဆင့် တင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။ လက်ရှိပါဝင်ဆောင်ရွက်နေကြသော ပြည်သူ့ဂုဏ်ရည်အစီအစဉ် ဖြစ်မြောက်ရေးအဖွဲ့ဝင်များကလည်း မိမိတို့နေထိုင်ရာ မြို့ရွာဒေသအလိုက် ဆန္ဒသဘောထားများ လိုက်လံမေးမြန်းကောက်ခံခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိကြသည်။ များမကြာမီတွင် စာရင်းကောက်ခံရရှိသမျှကို မြို့နယ်များအလိုက်ဖြစ်မြောက်ရေးကိုယ်စားလှယ်များထံ စုပေါင်းတင်ပြပြီး ၎င်းတို့ထံမှ ဆန်ကာတင် ၅ ဦး စာရင်း ရယူမည့် အချိန်လည်း ရောက်ရှိလာတော့မည် ဖြစ်သည်။
၂။ ယခုလက်ရှိ မတ်လကုန်အထိ လက်ခံရရှိသော အမည်စာရင်းတင်သွင်းမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ၎င်းအမည်စာရင်းရှင်တို့၏ ထူးခြားမှုအကျဉ်းကိုလည်း ရရှိသော အချက်အလက်များပေါ်မူတည်၍ အောက်ပါအတိုင်း တွဲဖက် တင်ပြလိုက်ပါသည်။
၃။ ၎င်း တို့မှာ -
၁။ သီတဂူဆရာတော် ဦးဉာဏိသရ - နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ဒုက္ခသည်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်  နိုင်ငံတကာ အန်ဂျီအိုများပြီးလျင် တဦးချင်း အနေဖြင့် ငွေကြေး၊ အရင်းအနှီးအများဆုံးကို ပြည်သူလူထုထံက စနစ်တကျ အလှူခံကာ ဒုက္ခသည်များအား စနစ်ကျစွာဖြင့် ထောက်ပံ့ ပေးနိုင်ခဲ့သည့် ဗုဒ္ဓဘာသာ ဆရာတော် တပါးဖြစ်သည်။ ၁၉၈၀ ခုနှစ်များကတည်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းအခြေပြုပြီး သောက်သုံးရေ အလှူ၊ ဆေးကုသမှု ဒါနအလှူ နှင့် လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းအလုပ်များကို အားပေး ထောက်ပံ့သူ၊ လှုံဆော်စည်းရုံးသူ၊ တည်ထောင်ဆောင်ရွက်သူတဦးအဖြစ် ထင်ရှားသည်။
၂။ ဦးနာယက၊ မန္တလေး - ဖောင်တော်ဦးဘုန်းတော်ကြီးကျောင်း - ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၁၀ စုနှစ် တခုကျော် ဦးဆောင် အကောင်အထည်ဖော်သူဖြစ်သည်။ အလှူရှင်များ၊ အဖွဲ့အစည်းများ၊ စေတနာရှင်လုပ်အားပေးများဖြင့် ဘုန်းတော်ကြီးကျောင်းအခြေပြု နေ့ကျောင်းနှင့် အဆောင်ကျောင်းများတွင် ပညာသင်ဦးရေ ၅ ထောင်ကျော်ကို ပညာသင်ပေးနေသည်။ ပြည်နယ် အစွန်အဖျား အနှံ့က ကလေးသူငယ်များကိုလည်း စောင့်ရှောက်ပျိုးထောင်မှု ပေးလျက်ရှိသည်။ ဘုန်းတော်ကြီးသင်ကျောင်းများမှတဆင့် အဆင့်မြင့်ပညာရေးဆက်နိုင်အောင်လည်း အားပေးဆောင်ရွက်နေသူဖြစ်သည်။
၃။ ဦးဇေယျာပဏ္ဏိတ၊ မိုးညှင်းသိဂီကျောင်းတိုက် ဆရာတော် ( ပိုင်းလော့ဆရာတော်)၊ တောင်ဒဂုံမြို့သစ် ၊ ရန်ကုန် - နာဂစ်မုန်တိုင်း အပြီး ကွမ်းခြံကုန်း၊ ဒေးဒရဲအပိုင် ကျေးရွာများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ စားရေရိက္ခာ ထောက်ပံ့ရေး၊ ဆေးဝါးကုသရေးလုပ်ငန်းများ ဦးဆောင်ကူညီမှုများ ပေးအပ်ခဲ့သည်။ ရွာသားများနှင့် ကလေးသူငယ်များကို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးဖြေသိမ့်မှုများ ဆောင်ရွက်ပေးရုံသာမက ရွာသားများအား ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ကြံဆ ဆောင်ရွက်လာနိုင်အောင် စည်းရုံးဦးဆောင်နိုင်ခဲ့သည်။
၎။ ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၊ မှော်ဘီမြို့၊ မင်္ဂလာကျောင်းတိုက် - ၂၀၀၇ နောက်ပိုင်း တရားပွဲများတွင် ယနေ့မြန်မာလူမှုအဖွဲ့အစည်းကို ဝေဖန်ထောက်ပြမှုများဖြင့် ထင်ရှားသူ ဗုဒ္ဓဘာသာတရားပြ ဆရာတော်ဖြစ်သည်။ သုမင်္ဂလာအကျိုးတော်ဆောင်လုပ်ငန်းကို ထူထောင်ပြီး နာဂစ်ကူညီမှုလုပ်ငန်းများ၊ ပညာဒါနလုပ်ငန်းများ၊ ကျန်းမာရေးနှင့် အထွေထွေလူမှုရေးလုပ်ငန်းများအတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်သူ ဖြစ်သည်။
၅။ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း - ရုပ်ရှင်သရုပ်ဆောင်အလုပ်ကိုပါ အထိခိုက်ခံပြီး ရန်ကုန် - နာရေးကူညီမှုအသင်းကြီးကို ဦးဆောင် ဆောင်ရွက်သူ၊ ထိုနာရေးကူညီမှုအသင်းနှင့်အတူ စာကြည့်တိုက်၊ ဆေးခန်း စသည့် ကုသိုလ်ဖြစ် လုပ်ငန်းများကိုပါ ဆက်လက် တာဝန်ယူဆောင်ရွက်နေသူ၊ နိုင်ငံ၏ ခေတ်နောက်ပြန်ဆွဲသည့် အယူအဆ အလေ့အကျင့်များကို နာရေးကူညီမှုလုပ်ငန်း ၀တ္တရားများဆောင်ရွက်ရင်း ထုတ်ဖော်ပြောဆိုပြီး ပြောင်းလဲမှုသို့ ဆွဲခေါ်သူ
၆။  မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)၊ နာရေးကူညီမှုအသင်း - မိမိ၏ မိသားစု၊ ခင်ပွန်းနှင့်အတူ လူမှုရေးလုပ်ငန်းများတွင် မြှုပ်နှံလုပ်ကိုင်သူ။ နာဂစ်မုန်တိုင်းကယ်ဆယ်ရေးကိစ္စများတွင် ငွေကြေး၊ လုပ်အား၊ စွမ်းအင်များကို ထိရောက် မြန်ဆန်မှု ရှိအောင် စီမံခန့်ခွဲနိုင်သူ။ စိတ်ဓာတ်ကြံ့ခိုင်သော ခေါင်းဆောင်မှုပေးနိုင်သည့် အမျိုးသမီးတဦး
၇။ သန်းမြင့်အောင် (စာရေးဆရာမ)၊ နာရေးကူညီမှုအသင်း - စာရေးသားခြင်းအလုပ်ကို အချိန်ပြည့် မလုပ်ကိုင်နိုင်တော့ဘဲ နာရေးကူညီမှုလုပ်ငန်းနှင့်တကွ အခြား အားနည်းသူ ကလေးသူငယ်များ (HIV သင့်ကလေးသူငယ်များ) စောင့်ရှောက်ရေး၊ ရန်ပုံငွေ ရှာဖွေရေး၊ စာပေလောက၊ အနုပညာလောက အသိုင်းအ၀ိုင်းများ၏ ၀ိုင်းဝန်းပါဝင်ဆောင်ရွက်လာရေး စသည့်လုပ်ငန်းများကို စုစည်းဆောင်ရွက်နိုင်သူ။ ၎င်း၏ စာပေရေးသားမှုများတွင်လည်း မြန်မာပြည်၏ အထူးလိုအပ်မှုများ ကြီးမားကျယ်ပြန့်လှသည့် လူမှုရေးဒုက္ခဘေးကို စာဖတ်သူများ စာနာစိတ်၊ သဒ္ဓါစိတ်၊ စေတနာ့ဝန်ထမ်းစိတ်များ ပေါ်ပေါက်လာစေဖို့ အားထုတ်ရေးသားနိုင်သည့် စာရေးဆရာ
၈။  ဖြူဖြူသင်း၊ အင်န်အယ်ဒီပါတီဝင်၊ HIV လူနာများ ကူညီစောင့်ရှောက်ခြင်း - ၂၀၀၂ တွင် ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်အဖွဲ့သို့ လမ်းညွှန်မှုများနှင့်အတူ ကုလအစီအစဉ်ဖြင့် အေအိုင်ဒီအက်စ်- အိတ်ခ်ျအိုင်ဗီ ပညာရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ၎င်းနောက် HIV လူနာများ၊ ကလေးသူငယ်များကို ကူညီစောင့်ရှောက်ခြင်းကို ဇောက်ချပြီး လုပ်ကိုင်ခဲ့သည်။ နိုင်ငံရေး အနှောက်အယှက်များကြားမှ ယနေ့ထက်ထိ အဆိုပါလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်သူဖြစ်သည်။ အခြားအင်န်ဂျီအိုလုပ်ငန်းအများအပြားရှိသည့်ကြားက ဖြူဖြူသင်းနှင့် မိတ်ဆွေများသည် လူနာများ၏ လိုအပ်ချက်များကို အခက်အခဲများကြားထဲက ရဲရင့်စွာ ထုတ်ဖော်ပြောဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ကိုယ့်အားကိုယ်ကိုး စွန့်စားဆောင်ရွက်နေရသူ
၉။ ဇာဂနာ၊ လူရွှင်တော်၊ ဒါရိုက်တာ၊ စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ - ၂၀၀၈ မေ - နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆရာတော်၊ သံဃာတော်များ၊ အနုပညာရှင်များ၊ ပြည်သူများ၊ လူငယ်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့သည်။ ပရိသတ်ကိုလည်း မီဒီယာများကတဆင့် အမြန်ဆုံး သတင်းပို့ ရှင်းပြနိုင်ခဲ့သည်။ စစ်အစိုးရကို နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသဖြင့် ဖမ်းဆီးထောင်ချခံရသည်။ ထောင်ဒဏ် ၅၈ နှစ် ကျခံနေရသည်။ လူမှုရေးလုပ်ငန်းများအတွက် အလှူရှင်များ၊ လုပ်အားပေးစေတနာရှင်များနှင့် ပရိသတ်အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆိုတင်ဆက်နိုင်သူ အနုပညာရှင်တဦးအဖြစ် ထူးခြားသည်။
၁၀။ ဦးအေးမြင့်၊ (ဦးအေးမြင့်မောင်) လမ်းပြကြယ်ဥပဒေအကျိုးဆောင်အဖွဲ့ - ၂၀၀၃ ခုနှစ်ကတည်းက အဓမ္မလုပ်အားပေးခိုင်းစေခြင်းခံရသူ လယ်သမားများ၊ အလုပ်သမားများနှင့် ရွာသားများအတွက် စစ်အာဏာပိုင်များနှင့် ရင်ဆိုင်ဖြေရှင်းခြင်း၊ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှုများ ပေးခြင်းတို့ကို ဆောင်ရွက်သူ ရှေ့နေတဦး။ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( အိုင်အယ်လ်အို) ထံ စာရင်းများ၊ အချက်အလက်များ ပြုစုတိုင်ကြားခဲ့သဖြင့် စစ်အစိုးရက ထောင်အကြိမ်ကြိမ်ချမှတ်ပြီး အရေးယူခြင်း ခံရသူ ဖြစ်သည်။ ၎င်းအပြင် အသက်မပြည့်ဘဲ စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခြင်း ခံရသူ ကလေးစစ်သားများကို ကာကွယ်စောင့်ရှောက်ခြင်းကိုလည်း ဆောင်ရွက်နေသူ ဖြစ်သည်။ ၎င်း၏ ရှေ့နေလိုက်ခွင့်လိုင်စင်ကို စစ်အစိုးရက ရုတ်သိမ်းခဲ့ပြီး ဖြစ်သည်။
၁၁။ မြန်မာဘလော့ဂ်ဂါဆိုဇိုင်ယတီ၊ MBS (Myanmar Blogger Society) -  အင်တာနက်နှင့် ကွန်ပျူတာအခြေစိုက် ပညာဒါနလုပ်ငန်း၊ စေတနာ့ဝန်ထမ်းလူမှုရေးလုပ်ငန်းနှင့် တကိုယ်ရည်တိုးတက်မှုများကို စေတနာ့ဝန်ထမ်းဆောင်ရွက်သော အဖွဲ့တခု ဖြစ်သည်။ ၂၀၀၇ တွင် ပထမဦးဆုံး မြန်မာဘလော့ဂ်ဂါများ ဆွေးနွေး ကျင်းပခဲ့သည်။ ၂၀၀၈ မေ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူခံခြင်း၊ လုပ်အားပေးခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀၀၈ မှ ၂၀၁၀ အတွင်း ရန်ကုန် မြန်မာအိုင်စီတီပတ်ခ်က အခြေတည်ပြီးနောက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပခုက္ကူမြို့များတွင် အခမဲ့နည်းပညာသင်တန်းများ ပြုလုပ်ခဲ့သည်။ အွန်လိုင်းမှတဆင့် အီးဘွတ်များ၊ အခမဲ့ဝန်ဆောင်မှုများလည်း ဆောင်ရွက်လျက်ရှိသည့် အစုအဖွဲ့တခု ဖြစ်သည်။
၁၂။ လူမှုထူးချွန်ဆုရ ဦးအောင်မြင့်စိုး - တသီးပုဂ္ဂလတဦးအဖြစ် သွေး နှင့်မျက်ကြည်လွှာလှူခြင်း၊ HIV,AIDS ဝေဒါနာရှင်များအား စောင့်ရှောက်ကူညီခြင်း၊ UNICEF နှင့်ပူးပေါင်းပြီး ကလေးသူငယ်များအား ကူညီပံပိုးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်သူ တဦးဖြစ်သည်။ လက်ရှိအစိုးရထံမှ လူမှုထူးချွန်ဂုဏ်ထူးဆောင်အဆင့် ၁ ၊ ၂ ၊ ၃ အဆင့်များ ပေးအပ်ချီးမြင့်ခြင်းခံရသည်။
၁၃။ ဗြဟ္မာစိုရ်အသင်း၊ မန္တလေးမြို့၊ နာရေးနှင့် လူမှုရေးကူညီမှုအသင်း - လက်ရှိ ရန်ကုန်တွင် ထင်ရှားသော နာရေးကူညီမှုအသင်း၏ ရှေ့ဦးကတည်းက တည်ရှိနှင့်ပြီးဖြစ်သည့် မန္တလေးမြို့တွင် မြို့မိ မြို့ဖများ၊ လူငယ်လုပ်အားပေးများနှင့် ဖွဲ့စည်း ထူထောင်ထားသော နာရေးကူညီမှုအသင်းဖြစ်သည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက် တင်ပြပါမည်။
၁၄။ ဂရုဏာလူမှုကူညီရေးအသင်း၊ မူဆယ်မြို့၊ ရှမ်းပြည်နယ် - ပညာရေး၊ ကျန်းမာရေး၊ နာရေးနှင့် လူနာစောင့်ရှောက်မှု စေတနာဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နေသော အသင်း ဖြစ်သည်ဟု ဆိုပါသည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက် တင်ပြပါမည်။
၁၅။ ဒေါက်တာစောဝါးထူး၊ မော်လမြိုင်မြို့ အနာကြီးရောဂါပြုစုစောင့်ရှောက်ရေးဆေးရုံ - အနာကြီးရောဂါသည်များအား ပြုစုစောင့်ရှောက်ဆေးကုသမှုပေးသည့် ဆေးရုံအုပ် ဆရာဝန်ကြီးကို ဆန္ဒပြုတင်ပြထားပါသည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက်တင်ပြပါမည်။
၁၆။ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် - အထွေထွေရောဂါနှင့် မျက်စိကု ကုသိုလ်ဖြစ်ဆေးရုံကိုလည်း ဆန္ဒပြုထားကြပါသည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက် တင်ပြပါမည်။
၁၇။ ဦးမြင့်အေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ ကြည့်မြင်တိုင်၊ ရန်ကုန် - အဓမ္မလုပ်အားပေးများအား ကာကွယ်စောင့်ရှောက်ရေး၊ ကလေးစစ်သားများကို ကယ်တင်စောင့်ရှောက်ခြင်း၊ လူ့အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို နယ်များ၊ ကျေးလက်များအထိ ဆင်းပြီး ဆောင်ရွက်သူ။ ကော့မှူးမြို့နယ် အဓမ္မလုပ်အားပေးများဘက်က ရပ်တည် တရားစွဲဆိုအောင်နိုင်သူ စုစုနွေးအရေးတွင် အိုင်အယ်အိုထံ သတင်းပေးပို့ပြီး ၀ိုင်းဝန်း လက်တွဲ ဆောင်ရွက်ခဲ့သူ တဦးဖြစ်သည်။
၎။ အထက်ပါ အမည်စာရင်းအပြင် ဧပြီလ ၉ ရက်နေ့အထိ ဆက်လက်ရရှိနေမည့် အမည်စာရင်းများကို အားလုံးထံသို့ အထက်ပါအတိုင်း အကျဉ်းချုပ်ပြန်လည် တင်ဆက်နေမည် ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ အကျယ်ဖော်ပြချက်တို့ကိုမူ “ဂုဏ်ယူဖွယ်ရာမြန်မာများ ကဏ္ဍ” တွင် အသေးစိတ်ဖတ်ရှုနိုင်အောင် တက်ဆက်ပေးမည် ဖြစ်သည်။ ဧပြီလ ၁၀ နှင့် ၁၁ ရက်တွင် မြို့နယ်များအလိုက် ဖြစ်မြောက်ရေးကိုယ်စားလှယ်အဖွဲ့အသီးသီးက ၎င်းတို့၏ ဆန္ဒအရှိဆုံး ၅ ဦးကို ရွေးချယ်ကြမည် ဖြစ်သည်။ ဧပြီလ ၁၂ ရက်မှ ၂၁ ရက်အထိ နောက်ဆုံး ဆန်ကာတင် ၅ ဦးကို ပရိသတ်အားလုံးထံက အင်တာနက်မဲပေးသည့် စနစ်ဖြင့် ပြည်သူ့ဂုဏ်ရည် အဖြစ် ဂုဏ်ပြုနိုင်ရန် ရွေးချယ်မည် ဖြစ်သည်။ ဧပြီလ ၂၄ တွင် ၂၀၀၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်သည့် အခမ်းအနားကို အိမ်ရှင်အဖြစ် အယ်လ်အေမိသားစုများက ကျင်းပကြမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် မဲအများဆုံး ဆန္ဒပြုခံရသူကို ကြေငြာမည် ဖြစ်သည်။
အားလုံးရဲ့ကိုယ်စား
ဦးကိုလေး(အယ်လ်အေ) 626-383-6901  ကိုဝေလ(နယူးယောက်) 718-505-0080  ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717  ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485

No comments:

Post a Comment